Experience YourListen.com completely ad free for only $1.99 a month. Upgrade your account today!

Disabled Athlete

Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

မြန်မာ့အသံ ရေဒီယိုအစီအစဉ်ကို နားသောတဆင်နေကြတဲ့ ပရိတ်သတ်များ မင်္ဂလာပါရှင် …..
ဒီအစီအစဉ်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က တင်ဆက်တာ ဖြစ်ပါတယ်။ (မနွေးဇာခြည်စိုး)
**********************************************
သောတရှင်များရှင် ဒီကနေ့အစီအစဉ်မှာတော့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ခုနှစ်ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲမျာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေတဲ့ မသန်စွမ်း အားကစားသမား တစ်ဦးနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို နားသောတဆင်နေကြတဲ့ သောတရှင်များအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ မသန်စွမ်းသူများ အားကစားပွဲတော် အကြောင်းကို ကြိုတင်သိရှိနိုင်ဖို့ ရည်ရွယ်ပြီးတော့ ထုတ်လွှင့်တင်ဆက်တာ ဖြစ်ပါတယ်။ နားသောတဆင်ကြပါရှင်။ (နန်းသီရိထက်)
**********************************************
မေး။ ။ မင်္ဂလာပါ။
ဖြေ။ ။ မင်္ဂလာပါ။
မေး။ ။ အကို့ရဲ့နာမည်နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်များကို ပရိတ်သတ်များသိအောင် မိတ်ဆက်ပေးပါရှင်။
ဖြေ။ ။ ဟုတ်ကဲ့ …… ကျနော့်နာမည်ကတော့ ၀ဏ္ဏကျော်စွာ ဖြစ်ပါတယ်။ ၃ နှစ်သားအရွယ်မှာ ပိုလီယိုရောဂါပိုးကြောင့် ခြေထောက်တစ်ဖက် မသန်ရာကစပြီးတော့ မသန်စွမ်းသူဘ၀ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျနော် နေ့စဉ် သွားလာလှုပ်ရှားရတဲ့ အခါမှာ အားပြုကိရိယာအဖြစ် ချိုင်းထောက် နှစ်ဖက်ကို အသုံးပြုရပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကျနော် ဒဂုံတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အခု ကျနော် လက်ရှိ လုပ်ဆောင်နေတာကတော့ မြန်မာ့လက်ရွေးစင် မသန်စွမ်း ဘတ်စကတ်ဘော ကစားသမားအဖြစ် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားကွင်းမှာ Camp ၀င်နေပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ မသန်စွမ်း အားကစားသမား တစ်ယောက်ဖြစ်လာအောင် အခုလို လေ့ကျင့်နေတယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ထားရှိပြီး လေ့ကျင့်နေတယ် ဆိုတာ ပရိတ်သတ်ကြီးသိအောင် ရှင်းပြပေးပါလားရှင်။
ဖြေ။ ။ အားကစားလှုပ်ရှားမှုဆိုတာက လူသားတို့ ကျန်းမာရေးအတွက် အကောင်းဆုံး လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ လူသားထဲက လူသားတွေဖြစ်တဲ့ ကျနော်တို့ မသန်စွမ်းသူတွေ အတွက်လည်း အလွန်အရေးပါတယ် …. အလွန်အရေးပါပါတယ် ….. ဒါကြောင့် ကျနော် ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အခုလို လှုပ်ရှားသင်ယူနေခြင်း ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၄၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ကျင်းပတော့မယ့် ခုနှစ်ကြိမ်မြောက် အရှေ့တောင်အာရှ Para Game အားကစားပွဲတော်ကြီးမှာ Wheel-chair Basket Ball ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လေ့ကျင့်နေတာ ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ ….. ကိုဝဏ္ဏအခု ပါဝင်ကစားနေတဲ့ Wheel-chair Basket Ball အဖွဲ့လေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီအဖွဲ့လေးအကြောင်းကို ပရိတ်သတ်ကြီး ပိုမိုသိရှိသွားအောင်လို့ ကိုဝဏ္ဏက အသေးစိတ် ရှင်းပြပေးပါလားရှင်။
ဖြေ။ ။ Wheel-chair Basket Ball ဆိုတာက သန်စွမ်းသူတွေ ကစားကြတဲ့ Basket Ball နည်းနဲ့ နည်းစံနစ်တွေအားလုံးတော့ တူပါတယ်။ ကွာသွားတာက ကျနော်တို့က Wheel-chair ပေါ်မှာထိုင်ပြီးတော့ ကစားရတာဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့က Wheel-chair ကိုလက်နဲ့လည်း တွန်းရတယ်။ ဘော်လုံးကိုလည်း လက်နဲ့ပေးဖို့ ကစားရတဲ့ ကစားနည်းဖြစ်ပါတယ်။ ကျနော်တို့ဆရာတွေက ကစားနည်းတွေထဲမှာ လက်ဝှေ့ထိုးတဲ့ ကစားနည်းပြီးလို့ရှိရင် ကျနော်တို့ Wheel-chair Basket Ball က အပင်ပန်းဆုံးလို့ ပြောပါတယ်။ ကျနော်တို့ ပင်ပန်းပေမယ့် ပျော်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိတ်သတ်တွေဆီက ပြန်ကြားတာက ဒီကစားနည်းက အရမ်း ကြည့်ကောင်းတာပဲလို့ ပြောတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ …… ကိုဝဏ္ဏက အခုလက်ရှိ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေတယ် ဆိုတာသိရပါပြီ။ အားကစားအပြင် တခြား ၀ါသနာပါတာ လေးများရှိရင် ပရိတ်သတ်ကြီးကို ဆက်လက်ပြီး မိတ်ဆက်ပေးပါလားရှင်။
ဖြေ။ ။ ဟုတ်ကဲ့ …. ကျနော် အားကစားအပြင် အနုပညာကိုလည်း ၀ါသနာပါပါတယ်။ ကဗျာရေးသားတာမျိုး …. ၀တ္ထုရေးတာမျိုး ၀ါသနာပါပါတယ်။
မေး။ ။ ဟုတ်ပါပြီ ….. ကိုယ်ဝါသနာပါတဲ့ အနုပညာနယ်ပယ်မှာလည်း ဘယ်လိုမျိုး ဆက်လက်ကြိုးစား အားထုတ်သွားမယ်ဆိုတာ ပရိတ်သတ်ကြီးသိအောင် ပြောပြပေးပါ ဦးရှင်။
ဖြေ။ ။ ဟုတ်ကဲ့ …. ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ကနေပြီးတော့ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်တော့မယ် အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်မှာ ကျနော့်အနေနဲ့ ၀တ္ထု၊ ကဗျာရေးသားခြင်းနဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ ….. အခုလို မအားလပ်တဲ့ကြားကနေ မေးခွန်းအားလုံးကို ဖြေကြားပေးတဲ့အတွက် ကိုဝဏ္ဏကို အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကိုဝဏ္ဏ မျှော်လင့်ထားသလိုပဲ နိုင်ငံအတွက် အားထားရတဲ့ အားကစားသမားကောင်း တစ်ဦးဖြစ်လာပါစေ၊ အနုပညာရှင် တစ်ဦးဖြစ်လာပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးနေပါ့မယ်။
ဖြေ။ ။ ဟုတ်ကဲ့ …. ကျနော့်အနေနဲ့ အခုလို ဖြေကြားခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ နားသောတဆင်နေကြတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ ….. (မေး - မယမင်းဥမ္မာ၊ ဖြေ - ကိုဝဏ္ဏကျော်စွာ)
**********************************************
မညှိုးပန်းတို့၏ဒိုင်ယာရီကဏ္ဍကို နားသောတဆင်ပြီး ဝေဖန်အကြံပြုလိုပါက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံး၊ အမှတ် (၁၆)/ဘီ၊ ရေတွင်းကြီးလမ်းသွယ်၊ သာယာအေးလမ်း၊ ရဲရန်အောင်မှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း - ၀၉-၄၅၀၀၆၇၂၄၇ သို့လည်းကောင်း၊ အီးမေးလ်ဖြင့် ဆက်သွယ်လိုပါက mili.onlineradioprogram@gmail.com သို့ လည်းကောင်း ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံးရဲ့ ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနေပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ….. (မနွေးဇာခြည်စိုး)
**********************************************
ယခုအစီအစဉ်လေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ Myanmar Independent Living Initiative မှ စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ယခုလို အချိန်မျိုးမှာလည်း မညှိုးပန်းတို့၏ဒိုင်ယာရီ အစီအစဉ်လေးကို ဆက်လက် တင်ဆက်သွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေး နားဆင်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုပါတယ်။ (မနွေးဇာခြည်စိုး)



Licence : All Rights Reserved


X